ဇီးကုန်း၊ အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ အောက်တိုဘာလ ၈ ရက်နေ့တွင် ဇီးကုန်းမြို့သို့ ရောက်ရှိခဲ့ပြီး ဇနီးဖြစ်သူ၏ ဇာတိမြေ၌ မိဘများအား ရည်စူး၍ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား အလှူငွေနှင့် နေ့လယ်စာ ကျွေးမွေးလှူဒါန်းခြင်း၊ မြသိန်းတန်စေတီတော်အား ဖူးမြော်လှူဒါန်းခြင်းနှင့် သောက်သုံးရေရရှိရေးအတွက် ကွင်းဆင်းလေ့လာခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ ဇနီးဖြစ်သူ၏ ကွယ်လွန်သူ မိဘများအား ရည်စူး၍ ဇီးကုန်းဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအတွက် လှူဒါန်းဖွယ်ရာများ၊ အလှူငွေများနှင့် နေ့လယ်စာအာဟာရများ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ပါသည်။
ထို့နောက် မြသိန်းတန်စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကာ စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ အယ်နီညိုရာသီဥတုကာလအတွင်း ဒေသခံပြည်သူများ သောက်သုံးရေ အခက်အခဲ မရှိစေရေးနှင့် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့်အတူ ဘုရားကြီးကန်နှင့် မင်္ဂလာကန်တို့သို့ သွားရောက်ကြည့်ရှုခဲ့ပါသည်။ထိုသို့ သွားရောက်ကြည့်ရှုစဉ် သောက်သုံးရေ လုံလောက်စွာ ရရှိရေးနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။
















မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။