img
logo
ပဲခူးတိုင်းဒေသကြီးလွှတ်တော်
ပဲခူးမြို့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ဆီမီး ၁၀၀၀၀ ပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တက်ရောက်
26 Oct, 2026

ပဲခူး၊ အောက်တိုဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ပဲခူးမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ သာသနာနှစ် ၂၅၇၀ ပြည့်၊ ကောဇာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ သီတင်းကျွတ်လပြည့် (၁၅) ရက် (အဘိဓမ္မာအခါတော်နေ့) တွင် ဆီမီး (၁၀၀၀၀) ဆက်ကပ်လှူဒါန်းပူဇော်ပွဲနှင့် မီးပုံးပျံအသေးများ လွှတ်တင်ပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

အဆိုပါ ပူဇော်ပွဲတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေးနှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများသည် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တစ်ခွင်၌ ဆီမီး ၁၀၀၀၀ ကို သဒ္ဓါတရား ထက်သန်စွာဖြင့် ထွန်းညှိပူဇော်ခဲ့ကြပြီး၊ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ အမှတ်တရအဖြစ် မီးပုံးပျံအသေးများကိုလည်း ကောင်းကင်ထက်သို့ လွှတ်တင်ပူဇော်ခဲ့ကြပါသည်။

သီတင်းကျွတ်လပြည့်နေ့ အခါသမယတွင် ရွှေမော်ဓောစေတီတော်မြတ်ကြီးသို့ ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ ပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများ၊ ဒါယကာ ဒါယိကာမများ မြောက်မြားစွာ လာရောက်၍ ဘုရား၊ စေတီ၊ ပုထိုးများအား ဆီမီး၊ ပန်း၊ ရေချမ်း၊ သပိတ်များ ဆက်ကပ်လှူဒါန်းခြင်း၊ စေတီတော်ရင်ပြင်ပေါ်၌ ဥပုသ်သီလ ဆောက်တည်ခြင်းနှင့် တရားဘာဝနာ ပွားများအားထုတ်ခြင်းတို့ဖြင့် သာသနာပြု ကုသိုလ်ကောင်းမှုများ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့ကြပါသည်

ဆက်သွယ်ရန်
လိပ်စာ -

မြို့သစ်(ဂ)ရပ်ကွက်၊ ရန်ကုန်−မန္တလေးလမ်းမကြီးဘေး၊ ပဲခူးတိုင်းဒေသကြီး။