စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီ

တာဝန်

၁။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီ၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ကော်မတီသည် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေစာရင်းတွင် ပါဝင်သည့်
(၁) ဗဟိုအဖွဲ့အစည်းများ(တိုင်းဒေသကြီးလွှတ်တော်မှအပ)
(၂) တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
(၃) တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန
(၄) တိုင်းဒေသကြီး ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန
(၅) တိုင်းဒေသကြီး  ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
(၆) တိုင်းဒေသကြီး ဗဟိုစာရင်းအင်းဦးစီးဌာန
(၇) တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန
(၈) တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန
(၉) တိုင်းဒေသကြီး မြန်မာ့စီးပွားရေးဘဏ်
(၁၀) တိုင်းဒေသကြီး အသေးစားငွေရေးကြေးရေးလုပ်ငန်း
(၁၁) တိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်း
(၁၂) တိုင်းဒေသကြီး ပင်စင်ဦးစီးဌာန
(၁၃) တိုင်းဒေသကြီး ကုန်တင်ကုန်ချလုပ်ငန်းကြီးကြပ်ရေးကော်မတီရုံး
(၁၄) တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာနတို့၏ စီမံကိန်းနှင့် ဘဏ္ဍာရန်ပုံငွေများကို လေ့လာစိစစ်ခြင်း၊ ဆိုင်ရာကော်မတီအသီးသီးမှ စိစစ်တွေ့ရှိသော စီမံကိန်းနှင့် ဘဏ္ဍာရန်ပုံငွေ အခြေအနေများကို ခြုံငုံသုံးသပ်၍ တွေ့ရှိချက်များကို ဥပဒေကြမ်းနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းအဖွဲ့သို့ တင်ပြခြင်း၊ တိုင်းဒေသကြီးလွှတ်တော်သို့ အစီရင်ခံတင်ပြခြင်းတို့ကို ဆောင်ရွက်ရမည်။
(ခ) သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ လေ့လာခြင်း၊ စောင့်ကြည့်ထိန်းညှိခြင်း၊ ပူးပေါင်းကူညီခြင်းတို့ ဆောင်ရွက်ရမည်။
(ဂ) သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို စဉ်ဆက်မပြတ်လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန် များရှိပါက တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေကြမ်းကော်မတီနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်သို့ အစီရင်ခံတင်ပြခြင်းတို့ကို ဆောင်ရွက် ရမည်။
(ဃ) သက်ဆိုင်ရာနယ်ပယ်အသီးသီးနှင့်ပတ်သက်သော တိုင်ကြားစာများကို လေ့လာစိစစ်ခြင်း၊ လိုအပ်ပါက တွေ့ဆုံခြင်း၊ မေးမြန်းခြင်း၊ ဆွေးနွေးခြင်း၊ ကြားနာခြင်းများ ဆောင်ရွက်ပြီး လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြအစီရင်ခံရမည်။
(င) ကော်မတီသည် တိုင်းဒေသကြီးအစိုးရ၏အသုံးစာရင်းနှင့် တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ အစီရင်ခံစာကို စိစစ်ရာတွင် တိုင်းဒေသကြီးလွှတ်တော်က ခွင့်ပြုသောငွေကို သတ်မှတ်ထားသည့် ကိစ္စအတွက်သာလျှင် သုံးစွဲခြင်းရှိ/မရှိ၊ စည်းကမ်း၊ စည်းမျဉ်း များနှင့်အညီ သုံးစွဲခြင်းရှိ/မရှိနှင့် ခွင့်ပြုသည့်ရည်ရွယ်ချက်အတိုင်း ထိရောက် မှန်ကန်စွာ သုံးစွဲခဲ့ခြင်းရှိ/မရှိတို့ကို စိစစ်ရမည်။
(စ) အောက်ပါအချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြရန် တာဝန်ရှိသည်-
(၁) တိုင်းဒေသကြီးလွှတ်တော်က တိုင်းဒေသကြီးအစိုးရ၏ တောင်းဆိုချက်အရ ကိစ္စရပ်တစ်ခုအတွက် ခွင့်ပြုထားသော သုံးငွေတစ်ရပ်ကို အခြားကိစ္စရပ် အတွက် ခေါင်းစဉ်ပြောင်း၍ သုံးစွဲခြင်း၊
(၂) ခွင့်ပြုထားသည့် သုံးငွေတစ်ရပ်အတွင်း ခေါင်းစဉ်ပြောင်း၍ သုံးစွဲရာ၌ ဘဏ္ဍာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းမျဉ်းများနှင့်ညီညွတ်မှုမရှိခြင်း၊
(၃) သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းသို့ လမ်းညွှန်သင့်သော ဘဏ္ဍာငွေသုံးစွဲပုံ နည်းလမ်းအားနည်းချက်များကို စိစစ်တွေ့ရှိခြင်း၊
(၄) တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြပေးရန် ဘဏ္ဍာရေးဝန်ကြီးဌာနက တောင်းဆိုသော အသုံးစရိတ်များ၊
(ဆ) ကော်မတီက စိစစ်ပေးရန် လိုအပ်သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကော်မတီသည်-
(၁) တိုင်းဒေသကြီးလွှတ်တော်၏ ဆုံးဖြတ်ချက်အရ လွှတ်တော်ဥက္ကဋ္ဌက တာဝန် ပေးအပ်ခြင်းဖြစ်လျှင် လိုအပ်သလို စိစစ်၍ ကော်မတီ၏ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်တို့ကို တိုင်းဒေသကြီးလွှတ်တော်သို့ ပြန်လည်တင်ပြရမည်။
(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ တင်ပြချက်အရ စိစစ်ရန် လိုအပ်သည်ဟု တိုင်းဒေသကြီးလွှတ်တော်က ဆုံးဖြတ်၍ တာဝန် ပေးအပ်ခြင်းဖြစ်လျှင် လိုအပ်သလို စိစစ်၍ ကော်မတီတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်တို့ကို တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးသို့ ပြန်လည် တင်ပြရမည်။
(၃) သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတို့နှင့် ညှိနှိုင်းပြီး ဖြေကြားနိုင်သည့် တာဝန်ရှိပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မေးမြန်းဆွေးနွေးနိုင်သည်။
(ဇ) ကော်မတီသည် လုပ်ငန်းများနှင့်ပတ်သက်၍ ဆက်စပ်သက်ဆိုင်သည့် အဖွဲ့အစည်းများ တာဝန်ရှိပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မေးမြန်းဆွေးနွေးနိုင်သည်။
(ဈ) တိုင်းဒေသကြီးလွှတ်တော်က အခါအားလျော်စွာ ပေးအပ်သည့် တာဝန်များကို ထမ်းဆောင်ရမည်။

လုပ်ပိုင်ခွင့်

၁။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီ၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ကော်မတီအစည်းအဝေးများကို တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကျင်းပရမည်။
(ခ) ကော်မတီသည် တိုင်းဒေသကြီးလွှတ်တော်က သတ်မှတ်သည့်ရက်အတွင်း အပြီးသတ်အစီရင်ခံစာ တင်ပြနိုင်ခြင်းမရှိပါက ကြားဖြတ်အစီရင်ခံစာတင်ပြရမည်။
(ဂ) အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြရမည်။ ကော်မတီဥက္ကဋ္ဌ သို့မဟုတ် ကော်မတီဥက္ကဋ္ဌမရှိလျှင် ကော်မတီအတွင်းရေးမှူး ကသော်လည်းကောင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးမရှိလျှင် ကော်မတီဝင်တစ်ဦးဦးကသော် လည်းကောင်း ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြရမည်။
(ဃ) အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ချက်များ ပြုလုပ်ခွင့်မရှိ။
(င) ယင်းသို့တင်ပြရာတွင် ကော်မတီဝင်များသည်လည်း အစီရင်ခံစာကို သဘောတူကြောင်း လက်မှတ်ရေးထိုးရပါမည်။ သို့ရာတွင် ခြွင်းချက် သို့မဟုတ် သဘောထားကွဲလွဲချက်များ ရှိပါက ထိုခြွင်းချက် သို့မဟုတ် သဘောထားကွဲလွဲချက်များကို ရေးသားဖော်ပြ၍ အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်။
(စ) အစီရင်ခံစာကို တင်ပြပြီးနောက် လွှတ်တော်ဥက္ကဋ္ဌ သတ်မှတ်သည့်နေ့တစ်နေ့တွင် ကော်မတီဥက္ကဋ္ဌ သို့မဟုတ် ကော်မတီဥက္ကဋ္ဌမရှိလျှင် ကော်မတီအတွင်းရေးမှူး ကသော်လည်းကောင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးမရှိလျှင် ကော်မတီဝင် တစ်ဦးဦးကသော် လည်းကောင်း အစီရင်ခံစာကို ဆွေးနွေးစဉ်းစားရန် အဆို တင်သွင်းရမည်။ ယင်းအဆိုအတည်ဖြစ်ပြီးသောအခါ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များကပေးသည့် ယူဆချက်များ၊ ထင်မြင်ချက်များနှင့် အကြံဉာဏ် များကို ရယူနိုင်သည်။ သို့ရာတွင် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်များ မပြုလုပ်ရ။
(ဆ) အစီရင်ခံစာကို ဆွေးနွေးစဉ်းစားပြီးသောအခါ ကော်မတီဥက္ကဋ္ဌ သို့မဟုတ် ကော်မတီ ဥက္ကဋ္ဌမရှိလျှင် ကော်မတီအတွင်းရေးမှူးကသော်လည်းကောင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးမရှိလျှင် ကော်မတီဝင်တစ်ဦးဦးကသော်လည်းကောင်း အစီရင်ခံစာကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းရမည်။
(ဇ) ကော်မတီသည် ငွေစာရင်းဆိုင်ရာစစ်ဆေးရေးနှင့်စပ်လျဉ်း၍-
(၁) နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးဖြစ်ထွန်းစေမည့် အကြံပြုချက်များကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြနိုင်ခွင့်ရှိသည်။
(၂) ပြည်သူများနှင့် သက်ဆိုင်ရာကျွမ်းကျင်သူများ၏ အကြံပြုချက်များ၊ ဝေဖန် သုံးသပ်ချက်များကို စိစစ်၍ တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြနိုင်ခွင့် ရှိသည်။
(၃) ပြင်ဆင်ရန် အကြံပြုချက်များကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြနိုင်ခွင့် ရှိသည်။
(ဈ) ကော်မတီ၏ တင်ပြချက်၊ အကြံပြုချက်များသည် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့် အကျုံးဝင်သော တင်ပြချက်၊ အကြံပြုချက်များလည်းဖြစ်ရမည်။
(ည) ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ စစ်ဆေးပြီးနောက်-
(၁) ကော်မတီ၏ဥက္ကဋ္ဌသည် အစီရင်ခံစာမူကြမ်းကို ပြုစု၍ ကော်မတီ အစည်းအဝေးတွင် တင်ပြရမည်။
(၂) အစီရင်ခံစာမူကြမ်းကို ကော်မတီက သဘောတူလျှင် ကော်မတီ၏ဥက္ကဋ္ဌသည် အစီရင်ခံစာကို လက်မှတ်ရေးထိုး၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်။
(၃) ကော်မတီဥက္ကဋ္ဌ သို့မဟုတ် ကော်မတီဥက္ကဋ္ဌမရှိလျှင် ကော်မတီအတွင်းရေးမှူး ကသော်လည်းကောင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးမရှိလျှင် ကော်မတီဝင်တစ်ဦးဦးကသော်လည်းကောင်း လက်မှတ်ရေးထိုးတင်ပြနိုင်သည်။
(၄) တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ သီးခြားညွှန်ကြားချက်မရှိလျှင် အစီရင်ခံစာကို ကော်မတီသို့ လွှဲအပ်သည့်နေ့မှစ၍ ခုနှစ်ရက်အတွင်း (ရုံးပိတ်ရက်များမပါ) ကော်မတီ၏ အစီရင်ခံစာကို တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြ ရမည်။
(၅) ကော်မတီ၏ ဥက္ကဋ္ဌ သို့မဟုတ် ကော်မတီ၏ဥက္ကဋ္ဌမှ တာဝန်ပေးအပ်ခြင်း ခံရသူသည် ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းရမည်။
(ဋ) ကော်မတီဝင်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ ဥပဒေများပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်။
(ဌ) လွှတ်တော်ကော်မတီအများဆုံး (၂)ခုအထိသာ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။
(ဍ) ကော်မတီဝင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုရန်အတွက် ခိုင်လုံသော အကျိုးအကြောင်း ဖော်ပြလျက် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။

ရပိုင်ခွင့်

၁။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီ၏ ရပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ကော်မတီ၏ လုပ်ငန်းတာဝန်အရဖြစ်စေ၊ အစည်းအဝေးတက်ရောက်ရန်ဖြစ်စေ၊ ကော်မတီရုံးစိုက်ရာဒေသတွင် ရောက်ရှိရာ၌လည်းကောင်း၊ ကော်မတီ၏ တာဝန်အရ ခရီးသွားလာရာ၌လည်းကောင်း စရိတ်ခံစားခွင့်ရှိသည်။
(ခ) ကော်မတီဝင်များသည် ကော်မတီအစည်းအဝေးများတွင် ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေမှအပ အခြားဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။ ထို့အပြင် ကော်မတီဝင် အားလုံးသည် လွှတ်တော်ကသတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။

သက်တမ်း

၁။ ပဲခူးတိုင်းဒေသကြီးလွှတ်တော်၏ သက်တမ်းနှင့်အညီဖြစ်သည်။ သို့သော်လည်း လိုအပ်ပါက တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီများ၏ သက်တမ်း(၁)နှစ်ပြည့်မြောက်သည့်အခါ တိုင်းဒေသကြီးလွှတ်တော်တွင် ပြန်လည်သုံးသပ်ပြီး သင့်လျော်သလို ကော်မတီဝင်များအား ပြင်ဆင်ဖွဲ့စည်းခြင်း၊ လဲလှယ်အစားထိုးပေးခြင်းပြုလုပ်ပါမည်။