ဦးရဲလင်းနိုင်၊ ပေါင်းတည်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)၏မေးခွန်း(၂)

ဇူလိုင်လ ၃၀ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပဲခူးတိုင်းဒေသ ကြီးလွှတ်တော်(၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(အဋ္ဌမ)နေ့၌ ပေါင်းတည် မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရဲလင်းနိုင်မှ နိုင်ငံတော်၏ စီမံကိန်းဝင်စာသင်ကျောင်းများ ပြန်လည်ပေးအပ် ခဲ့ရခြင်းမှာ မည်သူ့တွင်တာဝန်ရှိပြီးမည်သူတာဝန်ခံရမည်ကို သိရှိလိုပါကြောင်း၊ တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်သူများ ပျက်ကွက်ခဲ့မှုအတွက် မည်ကဲ့သို့ အရေးယူဆောင်ရွက်သွားမည်ကို တိတိကျကျ သိလိုပါကြောင်း မေးခွန်း မေးမြန်းခဲ့ပါသည်။
…………………………………………………………………………..
အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် သာမာန်အသုံးစရိတ် ၀၄၀၂၊ ၀၄၀၉ ရန်ပုံငွေဖြင့် အထက-ပေါင်းတည်မှ (သဇင်ဆောင်)နှင့် (ခွာညိုဆောင်)၊ အမက(ခွဲ)ကိုင်းတာ၊ အမက-ကျောက်ကြီးတောင် နှင့် အမက-မှန်ပင်ကျောင်းတို့သည် တင်ဒါ အောင်မြင်ခဲ့သော်လည်း COVID-19 ကာကွယ်ကုသထိန်းချုပ်ရေးရန်ပုံငွေ အတွက် အရေးပေါ်ပြန်လည်အပ်နှံခဲ့ပါကြောင်း၊ ၎င်းဘဏ္ဍာငွေများကို ပဲခူးတိုင်းဒေသကြီးတစ်ခုတည်းမဟုတ်ဘဲ တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးမှ ပြန်လည်အပ်နှံခဲ့ရခြင်း ဖြစ်ပါကြောင်း၊ ထိုသို့အပ်နှံခဲ့သည့်ကျောင်းများအားလုံး ၏လုပ်ငန်းကို ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်လျာထားစာရင်းတွင် ပြန်လည်ထည့်သွင်း ပြီးဖြစ်သည့်အတွက် အရေးယူဆောင်ရွက်ရန် မလိုအပ်တော့ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။