ဒသမပုံမှန်အစည်းအဝေးတွင် ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းနှင့် အဖြေများစာရင်း

ဖြေကြားသည့်ဌာန          တိုင်းဒေသကြီးတရားလွှတ်တော်

မေးမြန်းသည့်လွှတ်တော်အမတ် – ဗိုလ်မှူးမျိုးဟိန်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်

တင်သွင်းသည့်ရက်စွဲ − ၁၉.၉.၂၀၁၈၊ ၁၀/၁-၈-၅

အမေး

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တရားရုံးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊ အမြန်လမ်းရဲစခန်းများတွင် ယာဉ်မတော်တဆမှု၊ တိုက်ခိုက်တိမ်းမှောက်မှုကြောင့် အမှုဖြစ်ပွားပြီး၊ ဖြစ်ပွားဆဲနှင့် အခြားအကြောင်းများကြောင့် ဖမ်းဆီးထိန်းသိမ်းထားသော မော်တော်ယာဉ်နှင့် ဆိုင်ကယ်များထားရှိနေမှုအား ရှင်းလင်းဆောင်ရွက်ပေးမည့်အစီအစဉ်ရှိ/မရှိနှင့် နောင်အခါယာဉ်တိုက်ခိုက်တိမ်းမှောက်မှုများရှိလာပါက မည်သို့ထားရှိဆောင်ရွက်ရန်ရှိသည်ကို သိရှိလိုကြောင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဆက်စပ်မေးခွန်း

စစ်ဆေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

အဖြေ

တရားရုံးမှ သက်သေခံပစ္စည်းစီမံခန့်ခွဲသည့် အမိန့်ကို ချမှတ်ပြီးသည့်အခါ ပြုပြင်သုံးစွဲနိုင်သည့်အဆင့်ရှိသော မော်တော်ယာဉ်များကို လိုအပ်သည့် ဌာနအဖွဲ့အစည်းများသို့ ခွဲဝေပေးခြင်းနှင့် ပြုပြင်သုံးစွဲရန် မသင့်သော သံရည်ကျိုအဆင့်မော်တော်ယာဉ်များကို သံရည်ကျိုဖျက်ဆီးနိုင်ရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရဲစခန်းအတွင်း မော်တော်ယာဉ်များ/ ဆိုင်ကယ်များ အချိန်ကြာမြင့်စွာ သိမ်းဆည်းထားခြင်းမရှိစေရေး၊ မလိုအပ်ဘဲ ပျက်စီးမှုများမရှိစေရေးအတွက် အမှုများကို အမြန်တရားစွဲတင်ရေး ရဲစခန်းများကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရားရုံးမှလည်း အမှုအမြန်ပြီးပြတ်ရေးအမိန့်ချမှတ်နိုင်ရေး ကူညီဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနမှလည်း အမြန်လွှဲပြောင်းလက်ခံဆောင်ရွက်ပြီး အမြန်သယ်ယူရေး ဆောင်ရွက်လျက်ရှိပါကြောင်းပြန်လည်ဖြေကြားခဲ့ပါသည်။

ဆက်စပ်အဖြေ

တရားရုံးအနေဖြင့် တိုက်ရိုက်စီမံခန့်ခွဲမှုမရှိသောကိစ္စအား ကိုယ်တိုင်ဆောင်ရွက်ပြီး ဗဟိုစက်ပစ္စည်းဌာနသို့ ပို့ရန်အတွက် အစိုးရအဖွဲ့သို့ အကြောင်းကြားဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံဆောင်ရွက်၍ မရသဖြင့် EGC သို့ တင်ပြရန်အတွက် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးစီမံဘဏ္ဍာဝန်ကြီး ဥက္ကဋ္ဌအဖြစ် စီမံခန့်ခွဲမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။