(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းနှင့် အဖြေများစာရင်း

ဖြေကြားသည့်ဌာန           လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် –  ဦးစည်သူလွင်၊ ကျောက်ကြီး (၁)

တင်သွင်းသည့်ရက်စွဲ − ၄.၃.၂၀၁၉၊ ၁၁/၁-၁၁-၂

အမေး

ကျောက်ကြီးမြို့နယ်၊ မုန်းရဲတပ်ဖွဲ့စခန်း ဝန်ထမ်း အိမ်ယာ (၄) ခန်းတွဲ (၂) ထပ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း၊

အဖြေ

၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် (၆) ခန်းတွဲ (၂) ထပ် (၁) လုံး ဆောက်လုပ်ခွင့်ရရှိရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်သို့ (၁၈.၁.၂၀၁၉) ရက်စွဲပါစာဖြင့် ထပ်မံတင်ပြတောင်းခံထားရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

 

ဖြေကြားသည့်ဌာန           လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် –  ဒေါ်ဇင်မိုးထိုက်၊ ပန်းတောင်း(၁)

တင်သွင်းသည့်ရက်စွဲ − ၂၅.၂.၂၀၁၉၊ ၁၁/၁-၆-၅

အမေး

ပန်းတောင်းမြို့နယ်၊ ရွာသာယာအုပ်စု၊ ဖန်ခါးပင်ကျေးရွာ နယ်နိမိတ်အား အတိအကျ အမြန်ဆုံးကွင်းဆင်းတိုင်းတာပေးရန် အစီအစဉ်ရှိ/မရှိ၊

ဆက်စပ်မေးခွန်း

မည်သည့်အချိန်ကာလတွင် တိုင်းဒေသကြီးများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းနှင့် စပ်လျဉ်းသည့်မေးခွန်း၊

အဖြေ

မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ညှိနှိုင်းဆောင်ရွက်ပြီးမှသာ မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ ကံမမြို့နယ်နှင့် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ရွာသာယာကျေးရွာအုပ်စု၊ ဖန်ခါးပင်ကျေးရွာသို့ ကွင်းဆင်းပြီး နယ်နိမိတ်ပြသနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ဆက်စပ်အဖြေ

တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြ၍ တွေ့ဆုံညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ဖွဲ့စည်းပြီး နှစ်ဖက်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

 

ဖြေကြားသည့်ဌာန           လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် –  ဦးညွန့်ရွှေ၊ ပဲခူး(၁)

တင်သွင်းသည့်ရက်စွဲ − ၂၈.၂.၂၀၁၉၊ ၁၁/၁-၉-၂

အမေး

လယ်ယာမြေပေါ်တွင် တရားမဝင် အုတ်ဖုတ်လုပ်ငန်းများ အမြောက်အများဆောင်ရွက်နေမှုများကြောင့် လယ်ယာမြေများ ဆုံးရှုံးမှုများ ဖြစ်ပေါ်နေခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မည်သို့ အချိန်မီ ထိန်းကျောင်းဆောင်ရွက်ပေးနိုင်ခြင်း အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းနှင့် စပ်လျဉ်းသည့်မေးခွန်း၊

ဆက်စပ်မေးခွန်း

တရားမဝင် သယံဇာတထုတ်လုပ်မှုအား အရေးယူခြင်းမရှိသေး၍ သေချာကြပ်မတ်အရေးယူ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း၊

အဖြေ

တရားမဝင် အုတ်ဖုတ်လုပ်ငန်းများ ဆောင်ရွက်နေသည်ကို စစ်ဆေးတွေ့ရှိရပါက အောက်မြန်မာပြည်မြေနှင့် အခွန်နည်းဥပဒေ ၁၀၇ အရ အရေးယူရာတွင် ပြစ်မှုထင်ရှားပါက တရားခံအား ထောင်ဒဏ် (၁)လ သို့မဟုတ် ငွေဒဏ်(၂၀၀) ကျပ် အထိသာ အပြစ်ပေးနိုင်သဖြင့် ထိရောက်ဟန့်တားသော ပြစ်မှုပြစ်ဒဏ်ဖြစ်စေရေးအတွက် ဥပဒေကို လိုအပ်သလို ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်လျက်ရှိသဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက်ပေးပို့သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ဆက်စပ်အဖြေ

သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီးကို ကော်မတီဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီး အုတ်ဖုတ်လုပ်ငန်းနှင့် သဲ၊ ကျောက်များ စုပ်ယူခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ရန်အတွက် Standard Procedure ချထားဆောင်ရွက်ပြီး သက်ဆိုင်ရာကော်မတီသို့ ပေးပို့သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။