ထန်းတပင်မြို့သို့ ကွင်းဆင်းလေ့လာ

ပဲခူးတိုင်းဒေသကြီးလွှတ်တော် သယံဇာတ၊ သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဇန်နဝါရီလ ၉ ရက်နေ့တွင် ထန်းတပင်မြို့သို့ ကွင်းဆင်းလေ့လာကြည့်ရှုခဲ့ကြသည်။

ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဖိတ်ကြားထားသော ဌာနဆိုင်ရာများနှင့်အတူ အုတ်တွင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် သဲ၊ အုတ်၊ ကျောက် လုပ်ငန်းများစိစစ်ခဲ့ပြီးနောက် လိုင်စင်အမြန်ရရှိရေးနှင့် လိုင်စင်ခွန်များ တိတိကျကျပေးသွင်းရေးတို့ဆွေးနွေးခဲ့ကြသည်။

၎င်းနောက် ကျောက်လုပ်ငန်း လုပ်ကိုင်နေသော လုပ်ငန်းခွင်သို့ကွင်းဆင်းကြည့်ရှုခဲ့ပြီး အုတ်၊ သဲ၊ ဓာတ်ဆီဆိုင် လုပ်ငန်းပိုင်ရှင်များနှင့် ထန်းတပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။